Skip to content

Latest commit

 

History

History
99 lines (60 loc) · 12.7 KB

File metadata and controls

99 lines (60 loc) · 12.7 KB

အခန်း (၂) — Claude Code ဆိုတဲ့ လူပျိုကြီး Terminal ထဲရောက်လာခြင်း

Claude Code ဆိုတာ ဘာလဲ

Claude Code ဆိုတာ Anthropic ကုမ္ပဏီက ထုတ်တဲ့ Terminal ထဲမှာ အလုပ်လုပ်တဲ့ AI Coding Agent တစ်ခုပါ။ Browser ထဲက Chat AI တွေလို မဟုတ်ဘူး။ သူက ကိုယ့်ကွန်ပျူတာထဲမှာ တကယ်နေတယ်။ ကိုယ့် Project Folder ထဲ ဝင်ထိုင်ပြီး ဖိုင်ဖတ်တယ်၊ ကုဒ်ရေးတယ်၊ Command တွေ Run တယ်။

Terminal ဆိုတဲ့ စကားကြားရုံနဲ့ "ဟာ… အနက်ရောင် Screen ကြီး၊ စာတန်းတွေ တရစပ် ပြေးနေတာကြီး၊ ဟက်ကာတွေ သုံးတဲ့ဟာကြီး" ဆိုပြီး လန့်မသွားပါနဲ့။ Terminal ဆိုတာ ကွန်ပျူတာနဲ့ စာရိုက်ပြီး စကားပြောတဲ့ နေရာလေးပါပဲ။ Messenger နဲ့ သဘောချင်း အတူတူပဲ။ ကွာတာက တစ်ဖက်က ပြန်တဲ့ကောင်က လူမဟုတ်ဘဲ ကွန်ပျူတာ ဖြစ်နေတာပဲ ရှိတယ်။

ကြိုတင် ပြင်ဆင်စရာ

Claude Code သုံးဖို့ လိုအပ်တာ နှစ်ခုပဲ —

  1. ကွန်ပျူတာ — macOS၊ Windows (10 နောက်ပိုင်း)၊ Linux — ဘာမဆိုရတယ်။
  2. Claude Account — Claude Code က အခမဲ့ Plan နဲ့ မရဘူး။ Pro၊ Max၊ Team၊ Enterprise Plan တစ်ခုခု ဒါမှမဟုတ် API သုံးလို့ရတဲ့ Console Account လိုတယ်။ ဒါက ကုန်ကျစရိတ် ရှိတယ်ဆိုတာ ကြိုသိထားပါ။ "အလကားရတာမှ အကောင်းစား" ဆိုတဲ့ စကားက ဈေးထဲမှာပဲ မှန်တာ။ AI လောကမှာတော့ GPU ဆိုတဲ့ကောင်က လျှပ်စစ်မီးကို ထမင်းလို စားတာမို့ အလကား ကျွေးလို့ မရဘူး။

Install လုပ်ခြင်း

နည်းလမ်း အမျိုးမျိုးရှိပေမယ့် အလွယ်ဆုံးက Anthropic ရဲ့ Native Installer ပဲ။

သတိ — အောက်မှာ ဖော်ပြထားတဲ့ install command တွေနဲ့ Plan အချက်အလက်တွေက ဒီစာအုပ် ရေးသားချိန်အတိုင်း ဖြစ်ပါတယ်။ Tool တွေက အမြဲ update ဖြစ်နေတာမို့ မဆင်မခြင် ရိုက်မထည့်ခင် နောက်ဆုံးအခြေအနေကို တရားဝင် documentation မှာ အတည်ပြုပါ။

macOS / Linux မှာ — Terminal ဖွင့်ပြီး ဒီ Command ကို ရိုက်ပါ —

curl -fsSL https://claude.ai/install.sh | bash

Windows မှာ — PowerShell ဖွင့်ပြီး —

irm https://claude.ai/install.ps1 | iex

npm နဲ့ တင်ချင်ရင် (Node.js 18 နောက်ပိုင်း ရှိထားဖို့ လိုတယ်) —

npm install -g @anthropic-ai/claude-code

သတိပေးချက် တစ်ခု — npm နဲ့ တင်တဲ့အခါ sudo မသုံးပါနဲ့။ sudo ဆိုတာ "ကျုပ်က အိမ်ရှင်၊ ခွင့်ပြုချက် မလိုဘူး" ဆိုပြီး အတင်းဝင်တာမျိုးမို့ နောက်ပိုင်း Permission ပြဿနာတွေ တသီတတန်း လာတတ်တယ်။

တင်ပြီးရင် Terminal အသစ်ဖွင့်ပြီး စစ်ကြည့်ပါ —

claude --version

Version နံပါတ် ပေါ်လာရင် အောင်မြင်ပြီ။ command not found ဆိုပြီး ပြန်ပြောရင်တော့ စိတ်မပူပါနဲ့။ ကွန်ပျူတာလောကမှာ ပထမဆုံးအကြိမ်တည်းက အဆင်ပြေတာမျိုး ရှားတယ်။ Terminal ပိတ်ပြီး အသစ်ပြန်ဖွင့်ကြည့်ပါ။ claude command တော့တွေ့သွားပြီး တစ်ခြား error တွေ ပြနေရင် claude doctor ဆိုတဲ့ Command ရှိတယ်။ နာမည်အတိုင်းပဲ — ဆရာဝန်ခေါ်ပြကြည့်တာ။ ဘာကြောင့် မအီမသာ ဖြစ်နေလဲ သူက စစ်ဆေးပြီး ပြောပြပေးလိမ့်မယ်။

ပထမဆုံး တွေ့ဆုံခြင်း (first date) — စကားစမြည် ပြောကြည့်ခြင်း

ကဲ — စမ်းသပ်ဖို့ Folder တစ်ခု ဆောက်ပြီး Claude ကို ခေါ်ကြည့်ရအောင်။ (ဒါက စမ်းကြည့်ရုံသက်သက်ပါ — ဒေါ်မြရီဆိုင် တကယ့် Project ကိုတော့ အခန်း (၄) မှာ စဆောက်ပါမယ်။)

mkdir claude-test
cd claude-test
claude

ပထမဆုံးအကြိမ် Run ရင် Browser ပွင့်လာပြီး Login ဝင်ခိုင်းလိမ့်မယ်။ ဝင်ပြီးရင် Terminal ထဲမှာ Claude ရဲ့ စာရိုက်ကွက်လေး ပေါ်လာမယ်။ ဒီအချိန်ကစပြီး ကိုယ်ရိုက်သမျှကို Claude က ဖတ်ပြီး အလုပ်လုပ်ပေးတော့မယ်။

စမ်းကြည့်ချင်ရင် ဒီလိုလေး ရိုက်ကြည့်ပါ —

> မင်္ဂလာပါ။ ဒီ Folder ထဲမှာ ဘာဖိုင်တွေ ရှိလဲ ကြည့်ပေးပါ။

Folder အသစ်စက်စက်မို့ "ဘာမှ မရှိသေးပါဘူး ခင်ဗျာ" လို့ ပြန်ဖြေလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ကြောင်းက အရေးကြီးတယ်။ Claude Code က မြန်မာလို ပြောလို့ရတယ် ဆိုတာ သိသွားပြီလေ။ ကုဒ်တွေကတော့ English နဲ့ ရေးမှာပေမယ့် ခိုင်းတာကတော့ ကိုယ်တတ်တဲ့ ဘာသာစကားနဲ့ ခိုင်းလို့ရတယ်၊ ကြိုက်တာနဲ့သာခိုင်း။ English နဲ့ ခိုင်းနိုင်ရင် ပိုကောင်းတယ်။ မြန်မာလို ခိုင်းရင် စာလုံးရေများတာနဲ့ ဘာသာပြန်နေရတာနဲ့ token ပိုကုန်မယ််။

သိထားသင့်တဲ့ Slash Command များ

Claude Code ထဲမှာ / နဲ့ စတဲ့ Command လေးတွေ ရှိတယ်။ အားလုံး မှတ်စရာ မလိုဘူး။ ဒီလေးခုလောက် သိရင် လောလောဆယ် လုံလောက်တယ် —

Command အလုပ်
/help ဘာတွေ လုပ်လို့ရလဲ ပြပေးတယ်
/init Project ကို လေ့လာပြီး CLAUDE.md ဖိုင် ဆောက်ပေးတယ် (နောက်အခန်းမှာ ရှင်းမယ်)
/clear စကားဝိုင်း ရှင်းပစ်တယ် — ခေါင်းရှင်းသွားအောင်
/exit Claude Code ကနေ ထွက်တယ်

Permission — ခွင့်ပြုချက် ယဉ်ကျေးမှု

Claude Code ရဲ့ သဘောကောင်းတဲ့ အချက်တစ်ခုက ဖိုင်ပြင်တော့မယ်၊ Command Run တော့မယ်ဆိုရင် ကိုယ့်ကို အရင်ခွင့်တောင်းတယ်။ "ဒီဖိုင်ကို ဒီလိုပြင်မယ် — ရမလား?" ဆိုပြီး ပြမယ်။ ကိုယ်က Yes/No ပြန်ဖြေရမယ်။

Junior Developer တွေအတွက် အကြံပြုချင်တာက — အစပိုင်းမှာ ဒီအတိုင်းပဲ ထားပါ။ Approve လုပ်ခိုင်းတိုင်း သူ ဘာလုပ်တော့မလဲ ဖတ်ကြည့်ပါ။ ကိုယ်မသိသေးတာဆိုရင် ဘာလို့ ဒီ command သုံးသွားလည်း ပြန်လေ့လာပါ။ ဒါဟာ ကိုယ့်အတွက် အခမဲ့ သင်ခန်းစာတွေ။ Agent ကို "ဘာမဆိုလုပ် ခွင့်မတောင်းနဲ့" ဆိုပြီး လွှတ်ပေးတဲ့ Mode တွေလည်း ရှိတယ်။ ဒါပေမယ့် ကားမောင်းသင်စ လူတစ်ယောက်ကို အဝေးပြေးလမ်းမပေါ် ပေးမောင်းပြီး ကိုယ်က မျက်လုံးမိတ်စီးရင် ဘာဖြစ်မလဲ တွေးကြည့်ပါ။

နောက်ထပ် အာမခံချက်တစ်ခုက Git။ Claude ကို အလုပ်တစ်ခုခု စမခိုင်းခင် Commit လုပ်ထားပါ။ Agent က တစ်ခုခုကို ဖရိုဖရဲ လုပ်သွားခဲ့ရင်တောင် git checkout တစ်ချက်နဲ့ အရင်အတိုင်း ပြန်ရောက်တယ်။ Git ဆိုတာ Agent ခေတ်ရဲ့ အသက်ကယ်အင်္ကျီ။ မဝတ်ဘဲ ရေထဲမဆင်းပါနဲ့။

နောက်ဆုံး သတိပေးချက်တစ်ခု — လျှို့ဝှက်ချက်တွေ (API key၊ password၊ .env ဖိုင်ထဲက အချက်အလက်) ကို Prompt ထဲ တိုက်ရိုက် မကူးထည့်ပါနဲ့။ ဒါတွေက စကားဝိုင်းမှတ်တမ်းထဲ ကျန်ခဲ့တတ်တယ်။ Git commit လုပ်တဲ့အခါလည်း .env လို လျှို့ဝှက်ဖိုင်တွေ မပါသွားအောင် .gitignore ထဲ ကြိုထည့်ထားပါ။

လက်တွေ့လုပ်ကြည့်ရန်

Claude Code ကို install လုပ်၊ claude --version နဲ့ စစ်၊ ပြီးရင် claude-test folder ထဲမှာ Claude ကို ဖွင့်ပြီး မြန်မာလို စကား တစ်ခွန်းနှစ်ခွန်း ပြောကြည့်ပါ။ /help ရိုက်ပြီး ဘာတွေ လုပ်လို့ရလဲ လျှောက်ကြည့်ပါ။ ဒီ folder ကို နောက်ပိုင်း ဖျက်ပစ်လို့ရတယ် — အခန်း (၄) မှာ တကယ့် Project ကို အသစ်ကနေ စဆောက်မှာမို့။

ကဲ — စက်ထဲမှာ Claude Code ရောက်နေပြီ။ နောက်အခန်းမှာ ဒီကောင်ကို ဘယ်လို ခိုင်းရင် ကောင်းကောင်း အလုပ်လုပ်လဲ ဆိုတဲ့ ခိုင်းနည်းခိုင်းဟန် ပညာကို ပြောပြမယ်။


← အခန်း (၁) · 🏠 မာတိကာ · အခန်း (၃) →